အောင်ကိုလတ်Ÿ

ကွန်ပျူတာသမားတို့ရဲ့ လေ့လာနည်းများ

ကျနော်က ကွန်ပျူတာသမားတစ်ယောက်ပါ။ ကွန်ပျုတာသမား တစ်ယောက်ဖြစ်တဲ့အတွက် အင်ဂျင်နီယာ တစ်ယောက်မဟုတ်ပါဘူး။ ဆရာဝန်တစ်ယောက် မဟုတ်ပါဘူး။ အဲဒီတော့ လေ့လာတဲ့နေရာမှာလည်း သူတို့နဲ့မတူပါဘူး။ ကွန်ပျူတာသမားတွေ ဘယ်လိုလေ့လာသလဲ။ လေ့လာပုံ လေ့လာနည်းတွေကို ကျနော်လေ့လာပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း ဒီလိုပဲလေ့လာပါတယ်။

(၁) အစွန်းအစကို ဆွဲထုတ်ခြင်း


ဘာအစွန်းအစလဲဆိုတော့ သိချင်သောအကြောင်းအရာ..၊ လေ့လာလိုသောအရာများကို ဆိုလိုပါတယ်။ ဥပမာဆိုပါတော့ ကွန်ပျူတာအကြောင်းသိချင်တာ .. ။ သွားမေးတော့ ညွှန်းလိုက်တဲ့သူကလည်း အခြေခံကနေပြီး စတင်လေ့လာပါ။ ကျွန်တော်တို့ဆီမှာ ခက်တာက လေ့လာချင်သူကလည်း အခြေခံဆိုတာကို မသိဘူးဖြစ်နေပါတယ်။ ပြသနာကတော့ ကွန်ပျူတာအကြောင်းသိချင်ရင် ကွန်ပျူတာနားကိုမသွားပဲနဲ့တော့ အပြည့်အစုံမသိရပါ။ ကျနော်ကတော့ ပရိုဂမ်းမင်းသိချင်ပါတယ်။ ကျနော်က ဟာ့ဒ်ဝဲ ။ ကျနော်က ၀က်ဘ်ဆိုက်ပိုင်း ..။ သိချင်တယ်ဆိုရင်တော့ လေ့လာရပါမယ်။ ပထမဆုံး လေ့လာစရာတွေကို ရှာဖွေရပါမယ်။ ရှာဖွေတွေ့ရှိပါက သင်ကြားဆည်းပူးရပါမယ်။


သင်ယူတဲ့နေရာမှာ (၂)မျိုးရှိပါတယ်။ ကိုယ်ကိုယ်တိုင်လေ့လာသင်ယူခြင်း ( self-study learning) နဲ့ အခပေးသင်တန်းများ၊ ပညာရပ်ကို တတ်မြောက်ထားသော ဆရာများ ထံမှ လေ့လာသင်ယူခြင်း ဆိုပြီးရှိပါတယ်။ ကိုယ်ကိုယ်တိုင်သင်ယူလေ့လာခြင်းမှ အစွန်းအစများကိုဆွဲထုတ်ယူခြင်း အကြောင်းပြောပြပါမယ်။


ကျနော်တို့ သူငယ်ချင်းတွေကြားမှာပြောကြပါတယ် .. programming, programming ဆိုပြီး။ အဲဒီနောက် Software, Software ။ အဲဒီနှစ်ခုက ဘာကွာလဲ ။ သိချင်လာပါတယ်။ အဲဒီမှာ စကားလုံးနှစ်လုံး ရတယ်။ သူတို့အကြောင်းတွေကို ရှာဖွေတယ်။ လေ့လာတယ်။ အဲဒီမှာ , .. ထပ်သိရတယ်။ C++, VB, Java, Programming Languages များ။ VB နဲ့ programming ရေးသတဲ့။ Software ရေးသတဲ့။ အဲဒီနောက် စကားလုံးလေးတွေတွေ့တာက .net(dot Net), VB.Net, ASP.Net ။ နောက်ထပ်ကြားရတယ်။ Window Developer, Web Developer, Software Enginner .. ။ ဒါဘာလေးတွေလဲဆိုတော့ စကားလုံးအစွန်းအစလေးတွေဖြစ်ပါတယ်။ အဲဒါလေးတွေက သူဘာသာထွက်နေသည်ဖြစ်စေ၊ ကိုယ်က ဆွဲထုတ်လို့ဖြစ်စေ ထွက်လာပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားရပါမယ် .. တွေ့ရပါမယ်။


(၂) သိချင်စိတ်ဖြင့် နည်းလမ်းများကို ရှာဖွေ၍ လေ့လာခြင်း


ပထမဆုံးစာဖတ်ရပါတယ်။ ဘာစာလဲ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ များသောအားဖြင့် ကွန်ပျူတာနဲ့ပတ်သက်တဲ့ စာအုပ်တွေက အင်္ဂလိပ်လိုဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာကို စိတ်ဝင်စားပြီး ဖတ်ရှုလေ့လာနိုင်ရပါမယ်။ စာအုပ်တွေမှာ နှစ်မျိုးရှိပါတယ်။ အီလက်ထရောနစ်စာအုပ် (Ebook) နှင့် ပုံနှိပ်စာအုပ်တွေ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ ကွန်ပျုတာနဲ့ပတ်သက်တဲ့စာအုပ်တွေက အင်မတန်ကို နည်းပါတယ်။

ကွန်ပျုတာနဲ့ပတ်သက်တဲ့ စာအုပ်တွေကို ဘယ်မှာရှာဖွေရရှိနိုင်မလဲ။ (၁)စာအုပ်အရောင်းဆိုင်တွေကနေ မြန်မာဘာသာနဲ့ရေးသားထားတဲ့ ကွန်ပျုတာစာအုပ်၊ ကွန်ပျုတာဂျာနယ်၊ ပီစီဝါးလ်၊ အင်တာနက်ဂျာနယ် အစရှိတဲ့ စာအုပ်တွေရနိုင်ပါတယ်။ (၂) တက္ကသိုလ် library များမှတဆင့် ငှားရမ်းဖတ်ရှုနိုင်ပါတယ်။ (၃) အင်တာနက်မှတဆင့် Ebook များကို ရှာဖွေကူးယူပြီး ဖတ်ရှုနိုင်ပါတယ်။ (၄) နီးစပ်ရာ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများမှတဆင့် စာအုပ်များလဲလှယ်ဖတ်ရှုနိုင်ပါတယ်။ (၅) Website များမှတဆင့် လေ့လာဖတ်ရှုနိုင်ပါတယ်။

Amazon ရဲ့ Computer and Internet books တွေမှာ လိုချင်တဲ့စာအုပ်တွေရဲ့ နာမည်နဲ့ စာရေးသူကို မှတ်သားပြီး စာအုပ်တွေကို ရှာဖွေနိုင်ပါတယ်။ Library Catalogue တွေက တဆင့် ကြည့်ရှုရှာဖွေနိုင်ပါတယ်။ စင်္ကာပူနိုင်ငံရဲ့ Library တွေမှာတော့ ကွန်ပျူတာစာအုပ်အမြောက်အမြားကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပါတယ်။ စာအုပ်တွေစုံလင်ပြီး အသစ်ထွက်စာအုပ်တွေကိုလည်း ငှားရမ်းနိုင်ပါတယ်။ National University တွေမှာတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့စာအုပ်ဆိုရင် မရှိဘူးဆိုတာရှားပါတယ်။ ဒါကြောင့် ကျနော်တို့အတွက် Library တွေဟာ အဖိုးတန်ပါတယ်။ ထိန်းလည်းထိန်းသိမ်းတတ်ရပါမယ်။ ချစ်လည်းချစ်မြတ်နိုးတတ်ရပါမယ်။


နောက်တစ်ခုက မေးမြန်းခြင်း၊ ဆွေးနွေးခြင်း။ စာဖတ်ထားရင် အနည်းငယ်သိလာပါပြီ။ တစွန်းတစသိလာတဲ့အတွက် မေးမြန်းရပါတော့မယ်။ ကိုယ့်ထက်ကြီးသူပဲဖြစ်ဖြစ်၊ ငယ်သူပဲဖြစ်စေ ပညာရပ်တစ်ခုကို တတ်ကျွမ်းထားသူကို ဂရုတစိုက်မေးမြန်းသင့်ပါတယ်။ ဆရာကိုသော်လည်းကောင်း၊ ကျောင်းသားအချင်းချင်းသော်လည်းကောင်း ဆွေးနွေးမေးမြန်းခြင်းက ပိုမိုတိုးတက်စေပါတယ်။ နောက်တစ်ခုက အင်တာနက်မှာ မေးမြန်းခြင်းဖြစ်ပါတယ်။ အင်တာနက်မှာဘယ်လိုမေးမလဲ ။ အလွယ်ဆုံးကတော့ Google မှာ ရိုက်ပြီး ရှာဖွေခြင်းပါပဲ။ ဒါလေးများလို့ မပြောပါနဲ့ .. ကိုယ့်ဘာသာရှာဖွေလေ့လာနေသူတစ်ယောက်အတွက် Google မှလွဲလို့ အားကိုးစရာမရှိခဲ့ပါဘူး။ Keyword လေးတွေရှိပါတယ် ။ ဥပမာ Window XP Tips and Tricks, Disadvantages and Advantages of ….. , between …. and ….. စသဖြင့် ရိုက်ရှာလေ့ရှိပါတယ်။


နောက်တစ်ခုက blog တွေ၊ forum တွေကို ဖတ်ရှုလေ့လာခြင်း။ အင်တာနက်မှာ မြန်မာဘလော့တွေ၊ ဖိုရမ်တွေ အများကြီးရှိပါတယ်။ နည်းပညာဘလော့တွေ၊ ဖိုရမ်တွေကို ဖတ်ရှုသင့်ပါတယ်။ ဥပမာ- Mystery zillion ဖိုရမ်၊ Myanmar IT Pro၊ MMShare.org ၊ စတဲ့ ၀က်ဘ်ဆိုက်တွေ အပြင်၊ တခြားဘလော့တွေ၊ ၀က်ဘ်ဆိုက်တွေကိုလည်း လေ့လာနိုင်ပါတယ်။ မြန်မာဘလော့တွေပဲ လေ့လာသင့်တာလားဆိုတော့ .. မဟုတ်ပါဘူး။ ဒီအပေါ်မှာ အခြေယူပြီး ပိုမိုလေ့လာသွားရမှာပါ။ အကောင်းဆုံးကတော့ ကိုယ့်ထက် နည်းပညာပိုင်းအစစအရာရာသာတဲ့ နိုင်ငံတွေဆီက website တွေ၊ ဘလော့တွေကို လေ့လာရမှာဖြစ်ပါတယ်။ သူတို့ရေးသားထားတဲ့စာအုပ်တွေကို လေ့လာခြင်းသည် အကောင်းဆုံးပေါ့ဗျာ .. ။


(၃) နည်းလမ်းများအားရှာဖွေပြီးနောက်


စာအုပ်တွေဖတ်တယ်။ ဘလော့တွေဖတ်တယ်။ လေ့လာတယ်..မှတ်သားတယ်။ လက်တွေ့မလုပ်ရင်တော့ အလကားပါပဲ။ အဲတော့ ပြန်စမ်းကြပါတယ်။ ကျနော်တို့ဆီမှာတော့ Lab ခန်းတွေ မရှိပါဘူး။ အဲဒီတော့ ကိုယ့်ကွန်ပျုတာနဲ့ကိုယ်ဖတ်ထားတဲ့စာ ကိုယ့်ဘာသာစမ်းရပါတယ်။ Programmer က ကိုယ့်ဘာသာစာဖတ်ပြီး Program ပြန်ရေး၊ Hardware သမားကလည်း ကိုယ့်ဖတ်ထားတဲ့စာနဲ့ ကိုယ့်စက်ကိုပြန်စမ်းသပ် ။ ပျက်တဲ့အခါလည်းပျက် ။ အောင်မြင်တဲ့အခါလည်းအောင်မြင်ပါမယ်။ ကိုယ့်ဘာသာလုပ်နေရတာကိုး ..။ ဒီတော့ Hardware သမားဆိုတာ ပျက်တာကိုပြင်တာနဲ့ပဲ အချိန်ကုန်သွားပါတယ်။ အသစ်တီထွင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း လွှင့်ပစ်လို့ကမရပြန်သေးဘူး။ အချုပ်ပြောရရင် ဖတ်ထားတဲ့စာကို ပြန်အသုံးချရမှာ၊ ပြန်လုပ်တတ်ရမှာ ဖြစ်ပါတယ်။


ကျနော်တို့ ကွန်ပျုတာစပြီး လေ့လာခါစက ပီစီဝါးလ်မှာပါတဲ့ တချို့နည်းပညာဆောင်းပါးတွေကို နားမလည်ပါဘူး။ ကိုယ်ကမလိုက်နိုင်တာပါ။ ပစ္စည်းတွေက မြင့်တယ်။ နည်းပညာအသစ်တွေဆိုတော့ ဖတ်ရတာ နားမလည်ပါဘူး။ ဒါအမှန်တိုင်းပြောတာပါ။ ဒါပေမယ့် ၀ယ်တယ်။ တချို့နားမလည်တာကို စူးစမ်းလေ့လာတယ်။ မေးမြန်းတယ်။ တချို့နားမလည်တာတွေကို ပစ်ထားလိုက်ပါတယ်။ ၁၉၉၉ ခုနှစ်က ၀ယ်ထားတဲ့ မဂဇင်းက ၂၀၀၀ခုနှစ်မှာ ပြန်ဖတ်တော့ နားလည်သွားပါတယ်။ အဲတော့ အဟောင်းတွေကို ပြန်ပြန်ဖတ်ရင်းနဲ့ ပြန်ပြီးပညာပြန်ရပါတယ်။ ဒါက ကျနော်တို့က မလိုက်နိုင်တာပါ။ နည်းပညာအဆင့်အတန်းမှာ နိမ့်နေတယ်လို့ ပြောရမှာပါ။ နောက်ဆုံးပေါ်ပစ္စည်းအသစ်တွေ မမြင်ဘူး၊မတွေ့ဘူးပါဘူး။ အင်တာနက်မှာတွေ့ရတဲ့ ကွန်ပျူတာနည်းပညာပစ္စည်းတိုင်း ကျနော်တို့နိုင်ငံမှာမရှိဘူး။ ဒါပေမယ့် ကျနော်တို့ လေ့လာထားရပါမယ်။


အရေးအကြီးဆုံးကတော့ ကွန်ပျူတာသမားတို့ရဲ့ စိတ်ဓါတ်ပါပဲ။ ဘယ်လိုစိတ်ဓါတ်လေးလဲ ဆိုတော့ .. ။ ကျနော်တို့ ကြုံပါတယ်။ ကြုံခဲ့ဖူးပါတယ်။ Program လေးအောင်မြင်သွားပြီ၊ Hardware Problem လေး ဖြေရှင်းနိုင်သွားပြီ ဆိုရင်.. ငါကွ.. တယ်တော်တဲ့ငါပါလား ဆိုတာ မြောက်သွားတတ်ကြပါတယ်။ ဒါပေမယ့် ပြသနာတွေကို မရှင်းနိုင်တဲ့အခါ၊ ကိုယ်ရေးတဲ့ Program မှာ ပြသနာတွေတက်ပြီး ငါတယ်ညံ့ပါလား .. ငါလိုသေးပါလား ဆိုပြီး အားငယ်သွားကြပြန်ပါရော .. ။ အဲဒီတော့ တစ်ခုခုတတ်ပြီဆိုရင် ကိုယ့်စိတ်ဓါတ်က မြောက်သွားပြီး လွတ်မသွားစေဖို့ တခုခုမှာ အဆင်မပြေဖြစ်ခဲ့ရင်လဲ စိတ်ဓါတ်က ၀ုန်းကနဲပြုတ်ကျမသွားဖို့ အရေးကြီးပါတယ်။ ဒါကလေ့လာပြီးတဲ့နောက် သိရှိသွားရင် ဂရုစိုက်ရမယ့်အရာပါ။


အချုပ်အနေနဲ့ပြောရရင်တော့ Technology နယ်ပယ်က ကျယ်ပြန့်ပါတယ်။ ကွန်ပျူတာသမားတို့ရဲ့ လေ့လာစရာနယ်ပယ်က ပိုကျယ်ပြန့်ပါတယ်။ တစ်ခုတည်းကို ဦးတည်ပြီး လေ့လာခြင်းနဲ့ နယ်ပယ်များကို ဖြန့်ကျက်လေ့လာခြင်းမှာ ကျောင်းသားဘ၀၊ လေ့လာသူတစ်ယောက်ရဲ့ဘ၀မှာ ဖြန့်ကျက်ပြီးလေ့လာသင့်ပြီးတော့၊ Professional ဘ၀၊ အလုပ်လုပ်နေတဲ့သူတစ်ယောက်အတွက်ကတော့ ကိုယ်နဲ့သက်ဆိုင်ရာ ပညာရပ်နယ်ပယ်ကို အထူးဦးစားပေးပြီး လေ့လာလိုက်စားသင့်ပါကြောင်း ထင်မြင်မိပါတယ်။